Friday 15 June 2018

အဆင့်မြင့် အဘိဓမ္မာ မိတ်ဆက်


အဆင့်မြင့် အဘိဓမ္မာ မိတ်ဆက်
ဤဆောင်းပါး ‘အဆင့်မြင့်’ ဆိုသော မြန်မာ စကားသည် မိမိတို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သင်ရိုးညွန်းတန်းတွင်ပါသော “Advanced Study of Abhiddhamma” ဟူသော သီတဂူ M.A မာစတာတန်းကျောင်းသားတို့၏ အဘိဓမ္မာဘာသာရပ်မှ ‘Advanced’ ဟူသော စကားလုံးကို မြန်မာမှုပြုထားခြင်းဖြစ်သည်။ ထိုကျောင်းသားတို့သည် မာစတာတန်းရောက် ကျောင်းသားများဖြစ်သောကြောင့် သင်ကြားရမည့် ဘာသာရပ်သည် ဟိုရှေးရှေး အရင်ကထက် ပိုမို အဆင့်လာရမည်ဖြစ်သလို၊ သင်ကြားနည်း သင်ကြားဟန်၊ လေ့လာနည်း လေ့လာဟန်တို့သည်လည်း ဟိုအရင်ကထက် ပိုမို အဆင့်မြင့်လာစေရန် သီတဂူပညာရေး[1] ဦးဆောင်ဆရာတော်များက စီစဉ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် “အဆင့်မြင့် အဘိဓမ္မာ မိတ်ဆက်” ဟူသော ခေါင်းစဉ်တွင် ပါဝင်သော အဆင့်မြင့် ဟူသည် အဘိဓမ္မာဘာသာရပ်ကို ကျောင်းသားတို့ သိရှိထားသော ဗဟုသုတ၊ ရရှိထားသော နည်းပညာ၊ လေ့လာနေသော အဆင့်တို့ကို အခြေခံ၍ တတ်နိုင်သမျှ အဘိဓမ္မာဘာသာရပ်ကို ပညာရှင်ဆန်ဆန် အဆင့်မြင့် လေ့လာ ဆွေးနွေးတင်ပြပြီး သိရှိနားလည်စေရန် ရည်ရွယ်ပါသည်။
“Advanced Study of Abhiddhamma” ဟူသော ခေါင်းစဉ်အောက် “Abhidhamma: history and debates- အဘိဓမ္မာ-သမိုင်းနှင့် အချေအတင်ဆွေးနွေးမှုများ” ဟူသော ပထမခန်း ခေါင်းစဉ်ကြီးတစ်ခုပါဝင်ပြီး၊ ထိုခေါင်းပထမခန်း ခေါင်းစဉ်ကြီးအောက်တွင်မှ
·         Introduction to Abhidhamma-အဘိဓမ္မာကိုမိတ်ဆက်ပေးခြင်း
·         Authenticity of Abhidhamma-အဘိဓမ္မာရဲ့ စစ်မှန်မှု-အဘိဓမ္မာအစစ်
·         The Abhidhamma Pitaka and its history[2]-အဘိဓမ္မာပိဋကနှင့် သမိုင်းနောက်ခံစသည်တို့ကို လေ့လာရန်ဖြစ်သည်။
ထိုသို့ အကျယ်တ၀င့် လေ့လာခြင်းသည် “Learn the scholarly debates on the authenticity Abhidhamma-စစ်မှန်သော အဘိဓမ္မာအပေါ် ပညာရှင်ဆန်ဆန် အချေအတင်ဆွေးနွေး လေ့လာရေး” ဟူသော ကျောင်းတော်သူသားတော်သားတို့ရဲ့ ရည်မှန်းချက်တစ်ခုဖြစ်သည်။
ထိုသို့ပညာရှင်ဆန်ဆန်လေ့လာဘို့ ဆိုရာမှာ သုတေသနရှင်၊ ပညာရှင်တို့သည် အကြောင်းရာတစ်ခုကို လေ့လာဆွေးနွေးတင်ပြရာတွင် objectivity- ယထာဘူတဖြစ်ဘို့၊ ဓမ္မဓိဌာန်ကျဘို့ သိပ်အရေးကြီးသည်။
ထို့ကြောင့် ဤဆောင်းပါး ကျန်းဂန်အသီးသီးနှင့် ပညာရှင် အဆူဆူတို့၏ အဘိဓမ္မာအယူအဆများ၊ ဓမ္မ၀ိနယဟုသာ ပါဠိတော်အသုံးများသဖြင့် အဘိဓမ္မာသည် ဘုရားဟော ဟုတ်မဟုတ် သုံးသပ်ဝေဖန်ဆန်းစစ် လေ့လာချက်များ၊ အဘိဓမ္မာသုံးသပ်ဆင်ခြင်ရာ ရတနဃရရှာပုံတော်နှင့် ကျန်းဂန်အယူအဆများ၊ အဘိဓမ္မာကို အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမဟော၊ အဋ္ဌကထာမိတ်ဆက်၊ အဋ္ဌကထာတို့ ဆင်းသက်ပုံ၊ အဘိဓမ္မာရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ အရကောက်များ


များကို အခန်းတိုင်းမှာ စောဒနာသောဓနာတို့ဖြင့် ယထာဘူတကျစွာ တင်ပြသွားမှာဖြစ်ပါသည်။
အဘိဓမ္မာဆိုတာ အဘိဓမ္မာပဲ
ယနေ့ခေတ်တွင် ဗုဒ္ဓအဘိဓမ္မာကို လာပြီးဆွေမျိုးစပ်ကြသူတွေတော်တော်များကြသည်၊ သိပ္ပံသမားကလည်း သိပ္ပံနည်းကျ အဘိဓမ္မာ (Science of Abhidhamma)၊ ဒဿနိကဗေဒ (Philosophy) သမားကလည်း ဗုဒ္ဓဒဿန အဘိဓမ္မာ၊ စိတ်ပညာသမားကလည်း စိတ်ပညာအဘိဓမ္မာ (Abhidhamma-Psychotherapy) ၊ လက်တွေ့သမားတွေကလည်း လက်တွေ့အသုံးချ အဘိဓမ္မာ (Applied Abhidhimma) စသည်ဖြင့် နောက်ဆုံး တရားရှုမှတ်သူယောဂီသူတော်စင်တွေကပင် ၀ိပဿနာအဘိဓမ္မာ (Meditation Abhidhamma) အထိပင်ဖြစ်သည်။ ဒါသည် ယနေ့ကမ္ဘာတွင် အဘိဓမ္မာ၏ ရေပန်းစားခေတ်စားမှုဖြစ်သည်။
ဒီဘက်ကလူတွေက ဒီလောက် အမွမ်းတင်လေ့လာ အသုံးချနေကြပေမယ့် ထို၏အခြားတစ်ဘက်တွင်မူ အဘိဓမ္မာဆိုတာ ဘုရားဟောမဟုတ်ဘူး၊ သံင်္ဂါယနာတင်ပါဠိတော်တွေထဲမှာ မပါဘူး၊ အဋ္ဌကထာဆရာတွေရဲ့ ဖွင့်ဆိုချက်သက်သက်ပဲ စသည်ဖြင့် ရှုံ့ချ ပစ်ပယ်သူတွေလည်း ရှိကြသည်။ ဘယ်သူတွေ ဘယ်လိုပဲ ချီးမွမ်းပြီး ဘယ်လိုပဲ ဆွေးမျိုးစပ်၍ နာမည်ကောင်းပေးပေး၊ ဘယ်သူတွေ ဘယ်လို အပုတ်ချ ရှုတ်ချ၍ ပစ်ပယ် ပစ်ပယ် အဘိဓမ္မာဆိုတာ အဘိဓမ္မာပါပဲ။
အဘိဓမ္မာစာပေဝေဖန်မှု
အဘိဓမ္မာနှင့် စပ်၍ မိမိခေါင်းစဉ်အတိုင်း အဆင့်အမြင့် အဘိဓမ္မာမိတ်ဆက် အတွက် လက်လှမ်းမှီရာ ပါဠိ၊ မြန်မာ အင်္ဂလိပ် စာပေကျမ်းဂန်တွေ နှစ်ဆယ်ကျော် သုံးဆယ်ခန့် လေ့လာကြည့်သောအခါ ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်ဖန်၊ ဘယ်သူတွေ ဘယ်လိုပဲ ချဲ့ထွင်ချဲ့ထွင် ပါဠိတော် အဋ္ဌကထာအဖွင့်တို့မှ မလွတ်နိုင်မှန်း သဘောပေါက်လာခဲ့သည်။
ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခန့် (အဋ္ဌကထာဆရာ ရှင်မဟာဗုဒ္ဓဃောသသည် သာသနာနှစ် (၇) ရာစုနှစ်တွင်ပေါ်ပေါက်သည်) ကစ၍ ယနေ့အထိ ငြင်းခုန်သံယပွားနေကြသော “အဘိဓမ္မသည် ဘုရားဟော ဟုတ်၊  မဟုတ်”သည်၊ ထိုထို ပါဠိအဋ္ဌကထာတို့ကိုပင် ကိုးကား၍ အလေးထားကာ အဖြေရှာရပေတော့မည်။ ထို့ကြောင့် ဤဆောင်းပါးတွင်လည်း ပါဠိတော် အဋ္ဌကထာ အကိုးအကားနှင့် လေးစားလောက်သော ပညာရှင် ဆရာများ၏ အယူအဆအသုံးအနှုန်းတို့ကိုသာ အခြေခံဤ တင်ပြသွားမည်ဖြစ်ပါသည်။
အဘိဓမ္မာပြဿနာအစ ဓမ္မ၀ိယနက
 အဘိဓမ္မာသည် ဘုရားဟော ဟုတ် မဟုတ်ဆိုဟူသော အချေအတင်စကား (Debates) သည် ပထမ သံင်္ဂါယနာတင် ၀ိနည်း စူဠ၀ါ ပဉ္စသတိက္ခန္ဓ သင်္ဂီတိနိဒါန်းမှ “ဓမ္မဉ္စ ဝိနယဉ္စ” ဟူသော စကားမှဟူ၍ ခြေရာခံမိပါသည်။ ထိုတွင် ဓမ္မ နှင် ၀ိနယပဲ ပါ၍ အဘိဓမ္မာမပါသောကြောင့် အဘိဓမ္မာဟာ ဘုရားဟော မဟုတ်ဟု ၀ါဒန္တရ ဝေဖန်ရေးသမားက ဝေဖန်ကြသည်။ ထိုစူဠ၀ါပါဠိတော် အဋ္ဌကထာလည်း ပထမသံင်္ဂါယနာနှင့်  ပတ်သက်၍ ဘာမှ ထူးထူးခြားခြား ဝေဖန်မထားခဲ့ပေ။ ထို့ကြောင့် ဝေဖန်မည်ဆိုလျှင်လည်း ဝေဖန်ချင်စရာပင်ဖြစ်သည်။
သို့သော် ပါရာဇိကဏ်အဋ္ဌကထာ၌ ဓမ္မ၀ိနယ အယူအဆကိုမူ တတ္ထ ဝိနယပိဋကံ ဝိနယော, အဝသေသံ ဗုဒ္ဓဝစနံ ဓမ္မော; တေနေဝါဟ – ‘‘ယံနူန မယံ, အာဝုသော, ဓမ္မဉ္စ ဝိနယဉ္စ သင်္ဂါယေယျာမာ’’တိ။။ (၀ိ၊ဋ္ဌ၊၁၊ ၁၃) ဟူ၍ ရှင်လင်းကောက်ပြထား၏။ ထိုကြောင့် ၀ိနည်းမှတစ်ပါး သုတ်၊အဘိဓမ္မာတရားမှန်သမျှ ဓမ္မဟုယူရမည်ကိုပြဆိုထားသည်။ ဤအရာတို့သည် ယေဘုယျစောဒနာ၊ ယေဘုယျသောဓနာတို့ဟုဆိုနိုပါသည်။
ယနေ့ခေတ်တွင်မှု အဘိဓမ္မာရှာပုံတော် ဆောင်းပါးရေးသူ စသော အဘိဓမ္မာကို ဘုရားဟောမဟုတ်ဟု ဝေဖန်သူတို့ကို ဘဒ္ဒန္တကုမာရ (နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ရန်ကုန် ဒုပါမောက္ခချုပ်) ဆရာတော်က သူ၏ “မြတ်ဗုဒ္ဓ၏ အဘိဓမ္မာဒေသနာတော်- The Teaching of The Buddha in Abhidhamma”ဟူသော စာတမ်း အဘိဓမ္မာသည် ဘုရားဟောဖြစ်ကြောင်းကို ပါဠိအဋ္ဌကထာ ဋီကာ အကိုးအကားပေါင်း ငါးဆယ်ကျော်တို့ကို ကျမ်းညွန်းနှင့်တကွ အတိအကျပြဆိုထားပြီး သီတဂူဆရာတော်၏ “အဘိဓမ္မာနှင့် ၀ိပဿနာ” ဆောင်းပါးနှင့် ကိုယ်တိုင်ရေး ဆောင်းပါးတို့ကိုပါ ကိုးကားကာ ဝေေ၀ဆာဆာတင်ပြထားသည်။ ထိုတွင် အဋ္ဌသာလိနီအဋ္ဌကထာမှ ကျမ်းကိုး တစ်ဆယ့်သုံးခု (၁၃ခု) အခု ကိုးကားထား၏။ ဤသည်မှာ အဘိဓမ္မာသည် ဘုရားဟောဖြစ်ကြောင်းကို အဋ္ဌသာလိနီက အရေးပါပုံကိုပြသည်။
ကျန်အကိုးအကားများမှာ ထိုထိုကျမ်းဂန် ၀ိနည်းသုတ္တန်တို့လည်း “အဘိဓမ္မာ” ကို သုံးထားပုံ၊ အဘိဓမ္မာနှင့်ဆက်စပ်၍ အဘိဓမ္မေ အဘိဝိယနေ ဟူသော ဒီဃနိကာယ် ပါထိက၀ဂ်လာ အသုံးအနှုန်းကို ‘‘အဘိဓမ္မေ အဘိဝိနယေတိ ဧတ္ထ ဓမ္မော အဘိဓမ္မော, ဝိနယော အဘိဝိနယောတိ စတုက္ကံ ဝေဒိတဗ္ဗံ။ တတ္ထ ဓမ္မောတိ သုတ္တန္တပိဋကံ။ အဘိဓမ္မောတိ သတ္တ ပကရဏာနိ။ ဝိနယောတိ ဥဘတောဝိဘင်္ဂါ။ အဘိဝိနယောတိ ခန္ဓကပရိဝါရာ ဟူသော အဋ္ဌကထာအဖွင့် စသည်ဖြင့် တင်ပြထားသည်။ ထိုစကားအရဖြင့်လည်း ဓမ္မ၊ အဘိဓမ္မ၊ ၀ိနယ၊ အဘိဝိနယ ဟူသော အသုံးအနှုန်းကို ခွဲခြားသိသင့်ကြောင်း နှင့် အဘိဓမ္မာအရ အဘိဓမ္မာ (၇)ကျမ်းပင် ယူရမည်ဖြစ်ကြောင်းကို ပြဆိုထားသည်။
ထိုအထဲမှ အထူးမှတ်သားဖွယ်မှာ အဋ္ဌကထာဆရာကိုယ်တိုင်.. အဘိဓမ္မာဟာ ဘုရားဟောဖြစ်ကြောင်းကို.၀ိနယ.ပါစိတ္တိယပါဠိတော်ကို ကိုး၍လည်းကောင်း မဇ္ဈိမနိကာယ် မဟာဂေါသိင်္ဂသုတ္တံကိုကိုး၍ လည်းကောင်း အဘိဓမ္မသည် ဗုဒ္ဓဘာသိတအဖြစ်ကို ပြဆိုသည်။(အဘိ၊ဋ္ဌ၊၁၊ ၂၉-၃၀)။  ဒါသည် အဘိဓမ္မာ ပြဿနာအစ ဓမ္မ၀ိနယကဟူသော  အချေအတင်စကားအတွက် ရှင်းလင်းတင်ပြချက်ဖြစ်သည်။
ရတနဃရ ရှာပုံတော်
ထိုသို့ ယေဘုယျ စောဒနာ  သောဓနာမှ တစ်ပါး ဤစာတမ်း အထူးပြု၍ ရှာဖွေတင်ပြလိုသော အဘိဓမ္မာနှင့်ဆိုင်ရာ ပြဿနာတစ်ရပ်ကား “ရတနဃရအယူအဆ” ပင်ဖြစ်ပါသည်။ ထိုပြဿနာ၏ အစကား တစ်ချို့က မြတ်စွာဘုရားက နတ်ပြည်မှာဟော၊ လူ့ပြည်ပြန်ကျတော့ ရှင်သာရိပုတ္တရာကိုဟော၊ ရှင်သာရိပုတ္တရာမှ သူ့တပည့်ငါးရာကိုဟော ထိုတပည့်ငါးရာမှ တစ်ဆင့် ယနေ့အထိ အဆင့်ဆင့်ဆောင်သည်ဟူသော အယူအဆကို ငဲ့၍၊ အဲဒီလိုဆိုပြန်ရင်လည်း အရှင်သာရိပုတ္တရာသည်ပင် အဘိဓမ္မာရဲ့အစ အရှင်သာရိပုတ္တရာရဲ့ အဘိဓမ္မာဟူ၍ ထပ်မံဝေဖန်ကြပြန်လေသည်။ ထိုစကားကို အဘိ၊ဋ္ဌ၊၁၊ ၁၈ ဧဝံ သန္တေ ထေရောဝ ပဌမတရံ အာဘိဓမ္မိကော ဟောတီတိ? န ဟောတိ။ သမ္မာသမ္ဗုဒ္ဓေါဝ ပဌမတရံ အာဘိဓမ္မိကော။ သော ဟိ နံ မဟာဗောဓိပလ္လင်္ကေ နိသီဒိတွာ ပဋိဝိဇ္ဈိ ဟုရှင်းထား၏။ မြတ်စွာဘုရားသည်သာ အဘိဓမ္မာရဲ့ ကနဦးအစပါ၊ ဗောဓိပင်ခြေ ပလ္လင်ဗွေမှာ သီတင်းသုံးနေစဉ်တုန်းကဟု ဆိုထား၏။ ဆိုလိုတာက ရတနဃသတ္တာဟကို ညွန်ပြထား၏။ ထို့ကြောင့် ရတနဃသည် အဘိဓမ္မာရဲ့ ပင်မဌာနဖြစ်သောကြောင့် အဘိဓမ္မာသမိုင်းအတွက် အလွန်အရေးပါသောနေရာဖြစ်သည်။ ထို့ကြောင့် ဤစာတမ်းသည် အဘိဓမ္မာရှာပုံတော်၊ ရတနဃသတ္တာဟ ရှာပုံတော်အတွက် ထိုထိုကျန်းဂန်တို့သို့ ဆက်လက်ချဉ်းကပ်ရှာဖွေမိတော့သည်။
ရတနဃရ အယူအဆများ
ယ္ခုလက်ရှိရောက်ရှိနေသော အဘိဓမ္မာအဋ္ဌကထာတွင်မူ စတုတ္ထေ ပန သတ္တာဟေ ပစ္ဆိမုတ္တရာယ ဒိသာယ ရတနဃရေ နိသီဒိ –  ရတနဃရံ နာမ နေဝ သတ္တရတနမယံ ဂေဟံ။ သတ္တန္နံ ပန ပကရဏာနံ သမ္မသိတဋ္ဌာနံ ရတနဃရန္တိ ဝေဒိတဗ္ဗံ  [အဘိ၊ဋ္ဌ၊၁၊ ၁၃။ ၁၄ ] ဟုရှင်းပြထား၏။ ရတနဃရဆိုတာ  ရတနာခုနစ်ပါးနဲ့ပြုလုပ်ထားတဲ့ ကျောင်းတော်မဟုတ်၊ အဘိဓမ္မာခုနှစ်ကျမ်းကို သုံးသပ်ဆင်ခြင်တော်မူရာဌာနဟု မှတ်ရမည်တဲ့။ ခန္ဓဘာဏက ပုဂ္ဂိုလ်များက ရတနာ ၇ နှစ်ပါးအတိပြီးသော ကျောင်းတော်ဟု ဆိုထားသောကြောင့် ထိုစကားကို ကန့်ကွက်လို၍ နေ၀ဟု ဧ၀သဒ္ဒါဖြင့် မိန့်သည်ဟု အဋ္ဌကထာ ဘာသာဋီကာ ၇၃ ရေးသားထား၏။
ထိုကြောင့် ရတနဃရအယူအဆနဲ့ အဘိဓမ္မာကို သိလို၍ မိမိတို့ မြန်မာအားလုံးအားထားရာ မင်းကွန်းဆရာတော်၏ မဟာဗုဒ္ဓ၀င်ကိုကြည့်မိသောအခါ…
ထို့နောက် စတုတ္ထသတ္တာဟသို့ ရောက်သောအခါ မြတ်စွာဘုရားသည် မဟာဗောဓိပင်မှာ အနောက်မြောက်ထောင့် အရပ်ဝယ် နတ်ဗြဟ္မာတို့ဖန်ဆင်းအပ်သော ရတနဃဂ ရွှေအိမ်တော် ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူကာ အဘိဓမ္မာပိဋက တရားတော်မြတ်ကို သုံးသပ်ဆင်ခြင်တော်မူလေသည်[3]
ထိုသို့ ပထမအဋ္ဌသာလိနီအလို ရတနဃရ အရ အဘိဓမ္မာ (၇) ကျမ်းယူရမည်၊ မဟာဗုဒ္ဓ၀င်အလို နတ်တို့ဖန်ဆင်းသော ရတနာရွှေအိမ်ယူရမည်ဟု အယူအဆ၀ါဒကွဲပြားသောကြောင့် ကျမ်းဂန်အသီးသီးတို့ကို လေ့လာလိုက်သောအခါ
     I.        အဘိဓမ္မာခုနှစ်ကျမ်းဟု အယူသက်သက်သည် အဘိ၊ဋ္ဌ၊၁၊ ၁၃ နှင့် သာရတ္ထ၊ဋီ၊၃၊ ၁၄၄ သာတွေ့ရ၍
   II.        နတ်တို့ဖန် ရတနာရွှေအိမ်ဟု အယူသက်သက်ကား
မ၊ဋ္ဌ၊၂၊ ၈၉။  ဥဒါန၊ဋ္ဌ၊ ၄၇။ 
ဗုဒ္ဓဝံ၊ဋ္ဌ၊ ၁၀။  ၃၄၁။ ဝိ၊ဋ္ဌ၊၃၊ ၂၃၈။  ပါစိတျာဒိ၊ယော၊ ၁၉၂ စသော ကျမ်းများစွာတို့တွေ့ရ၏။
 III.        အထက်ပါအယူအဆနှစ်ခု သင့်တော်သည်ဟု ယူဆသော ကျမ်းတို့ကား အပ၊ဋ္ဌ၊၁၊ ၉၂။ ဇာ၊ဋ္ဌ၊၁၊ ၉၀ တို့ပင်ဖြစ်သည်။
စတုတ္ထေ ပန သတ္တာဟေ ဗောဓိတော ပစ္ဆိမုတ္တရဒိသာဘာဂေ ဒေဝတာ ရတနဃရံ မာပယိံသု။ တတ္ထ ဘဂဝါ  ပလ္လင်္ကေန နိသီဒိတွာ အဘိဓမ္မပိဋကံ ဝိသေသတော စေတ္ထ အနန္တနယသမန္တပဋ္ဌာနံ ဝိစိနန္တော  သတ္တာဟံ ဝီတိနာမေသိ။
အာဘိဓမ္မိကာ ပနာဟု – ‘‘ရတနဃရံ နာမ န သတ္တရတနမယံ ဂေဟံ, သတ္တန္နံ ပန ပကရဏာနံ သမ္မသိတဋ္ဌာနံ ‘ရတနဃရ’န္တိ ဝုစ္စတီ’’တိ။ ယသ္မာ ပနေတ္ထ ဥဘောပေတေ ပရိယာယေန ယုဇ္ဇန္တိ, တသ္မာ ဥဘယမ္ပေတံ ဂဟေတဗ္ဗမေဝ.
ထို့ပြင် လေးစားအပ်သော ဆရာတို့၏ အယူအဆကား
“ရတနဃဆိုတာ အဘိဓမ္မာ ၇-ကျမ်းကို ရည်စူးပြီး ခေါ်တာ၊ အလွန်နှစ်သက်စရာကောင်းတဲ့ ရတနာနဲ့ အလားတူတဲ့ ‘အဘိဓမ္မာ တရားတွေကို ဆင်ခြင်တဲ့ စံကျောင်း’ လို့ အဓိပ္ပါယ်ရတယ်၊ နတ်တွေက ဖန်ဆင်းပေးထားတဲ့  ‘ဃရ’ စံကျောင်းကလေးထဲမှာ ဘုရားရှင်ကိုယ်တော်မြတ်ဟာ ၇-ရက်တိတိ အဘိဓမ္မာကို ဆင်ခြင်တယ်တဲ့။”[4]
ပါချုပ်ဆရာတော်၏ အယူအဆသည် ‘‘ရတနဘူတာနံ သတ္တန္နံ ပကရဏာနံ တတ္ထ စ အနုတ္တရဿ ဓမ္မရတနဿ သမ္မသနေန တံ ဌာနံ ရတနဃရစေတိယံ နာမ ဇာတ’’န္တိပိ ဝဒန္တိ။ သာရတ္ထ၊ဋီ၊၃၊ ၁၄၄။ နှင့် လည်း အနည်းငယ်တူညီသလို အထက်ပါကျမ်းဂန်တို့ အယူအဆကိုလည်း မျှကာ ယူထားသည်ဟု သုံးသပ်မိပါသည်။ ဆရာတော့ အယူအဆရ ရတနာအရ အဘိဓမ္မာ (၇)ကျမ်းကို ယူပြီး၊ ဃရ အရ နတ်တို့ဖန်တဲ့ အိမ်ဟုမိန့်တော်မူထားပါတယ်။
အထက်ပါဖော်ပြပါ အယူအဆတို့သည် ကျမ်းဂန်အသီးသီးတို့မှ လာသော ရတနဃရ အယူအဆကို အုပ်စုခွဲ၍ တင်ပြခြင်းဖြစ်ပြီး ဆရာတို့အယူအဆတို့ဖြင့် ချုပ်ကာ တင်ပြခြင်းဖြစ်ပါသည်။
ထိုအဘိဓမ္မာဆိုတာ ရတနဃရပင် မကပါ
ထိုအဘိဓမ္မာသုံးသပ်ရာဌာနနှင့် ပတ်သက်၍ ထပ်မံသိအပ်ဖွယ်အထူးကား၊ ၀ိနည်းမဟာဝဂ္ဂအဋ္ဌကထာ သတ္တာဟံ ဝိမုတ္တိသုခပဋိသံဝေဒီတိ တတြာပိ ဓမ္မံ ဝိစိနန္တောယေဝ ဝိမုတ္တိသုခံ ပဋိသံဝေဒေန္တော နိသီဒိ ၏ အဖွင့်[5] ၀ိမတိဝိနောဒနီဋီကာကား
တတြာပီတိ န ကေဝလံ ရတနဃရေယေဝ။ တတြာပိ အဇပါလနိဂြောဓမူလေပိ အဘိဓမ္မံ ဝိစိနန္တော ဧဝ အန္တရန္တရာ ဝိမုတ္တိသုခံ ပဋိသံဝေဒေန္တောတိ အတ္ထော။ တတ္ထာပိ ဟိ အနန္တနယသမန္တပဋ္ဌာနံ သမ္မသတော သမ္မာသမ္ဗုဒ္ဓဿ ပီတိသမုဋ္ဌိတာ ဆဗ္ဗဏ္ဏာ ဗုဒ္ဓရသ္မိယော ရတနဃရေ ဝိယ နိစ္ဆရိံသု ဧဝ။ (ဝိမတိ၊၂၊ ၈၆) ဟု ဖွင့်ပြထားရာ အဘိဓမ္မာတရားကို ဆင်ခြင်သုံးသပ်ရာဌာနသည် ရတနာဃရသာမက အဇပါလညောင်ပင်ရင်းအထိပါဝင်လေတော့၏။
“သတ္တာဟံ ၀ိမုတ္တိသုခံ ပဋိသံဝေဒီတိ-ဟူသည်ကား၊ တတြာပိအဇပါလရုက္ခမူလေ- ထိုအဇပါလအမည်ရှိသော ပညောင်ပင်၏ အနီးလည်း၊ ဓမ္မံ-အဘိဓမ္မာတရားကို၊ ၀ိစိနန္တောယေ၀-ဆင်ခြင်တော်မူစဉ်သာလျှင် (၀ိနည်းမဟာဝဂ္ဂအဋ္ဌထာနိဿယ  မအူမူ နှာ- ၁၉)
သို့သော် ထိုအယူသက်သက် မမှတ်အပ်ပေ။ ဘာဋီ နိဿယမူ ‘ဓမ္မံ- တရားတော်ကို’ဟု တရားသက်သက် သာမညသာပေးသည်။ ပါဠိတော်၏အဖွင့် ဥဒါန်းအဋ္ဌကထာ မိုးထိနိဿယ၌မူ-ဓမ္မံ-ပဋိစ္စသမုပ္ပါဒ်တရားကို (မိုးထိ-၁၂၉) ဟု ပေးထား၏။
ထိုအဖွင့်ရှေ့နားလေးတွင်လည်း ဘဂဝါ  ဟိ ဌပေတွာ ရတနဃရသတ္တာဟံ သေသေသု ဆသု သတ္တာဟေသု အန္တရန္တရာ ဓမ္မံ ပစ္စဝေက္ခိတွာ  ယေဘုယျေန ဝိမုတ္တိသုခပဋိသံဝေဒီ ဝိဟာသိ, ရတနဃရသတ္တာဟေ ပန အဘိဓမ္မပရိစယဝသေနေဝ ဝိဟာသီတိ။။ ဥဒါန၊ဋ္ဌ၊ ၄၆။တွင်ဆိုထားပြန်သောကြောင့် အဘိဓမ္မာတရားကို သုံးသပ်ဆင်ခြင်သောနေရာကား ရတနဃဟုပင် မှတ်ချက်ချရတော့မည်ဖြစ်ပါသည်။ ကျန်သတ္တာဟတို့သည် ပဋိစ္စသမုပ္ပါဒ်နှလုံးသွင်းရာနှင့် ၀ိမုတ္တိသုခ ခံစားရာတို့ဖြစ်သည်။ ထိုသည် ရတနဃရ၏ အယူအဆအသီးသီးတို့ဖြစ်ပါသည်။
ပါဠိတော်လာ ရတနဃရ
ထိုအဘိဓမ္မာသုံးသပ်ရာ ရတနဃကို ပါဠိတော်စာရင်းဝင်ကျမ်းဂန်တို့တွင် မတွေ့ရပေ။ မူရင်း ၀ိနည်းမဟာဝါဠိတော်ကိုလေ့လာသောအခါ တိုက်ရိုက်အားဖြင့် မဟာခန္ဓက
A.   ဗောဓိကထာတွင် ဘုရားဖြစ်ပြီး ဗောဓိရုက္ခမူလေ သတ္တာဟံ-ဗောဓိပင်ခြေရင်း (၇) ရက်၊
B.    ထိုမှ အဇပါလကထာတွင် ဗောဓိရုက္ခမူလာ (ပ) အဇပါလနိဂြေဓမူလေ သတ္တာဟံ- ဗောဓိပင်မှ အဇပါလညောင်ပင်ရင်း (၇) ရက်၊
C.   ထိုမှ မုစလိန္ဒကထာတွင် အဇပါလနိဂြောဓမူလာ (ပ) မုစလိန္ဒမူလေ သတ္တာဟံ- အဇပါလမှ မုစိလိန္ဒအိုင်တွင် (၇) ရက်
D.   ထိုမှ ရာဇာယတနကထာတွင် မုစလိန္ဒမူလာ (ပ) ရာဇာယတနမူလေ သတ္တာဟံ- မုစလိန္ဒအိုင်မှ လင်းလွန်းပင်ရင်းတွင် (၇)  ရက်။ ထို့နောက် ဗြဟ္မယာစနကထာစ လင်းလွန်းပင်မှ အဇပါလညောင်ပင်ပြန်ရောက် ဤသို့ဖြင့်သတ္တာဟ-(၇) ရက်လေးလီသာလာသည်။
ကျန်သုံးခုဖြစ်သော အနိမိသသတ္တာဟ၊ ရတနစင်္ကမနသတ္တာဟ၊ ရတနဃရသတ္တာဟ တို့သည်၊ အဋ္ဌကထာလာ ဖွင့်ဆိုချက်တို့ဖြစ်သည်။
“အပရာနိပိ တီဏိ သတ္တာဟာနိ ဗောဓိသမီပေယေ၀ ၀ီတိနာမေသိ။[ဝိ၊ဋ္ဌ၊၃၊ ၂၃၈။  ]”
အဋ္ဌကထာက အဇပါလနိဂြောဓသတ္တာဟကို ပဉ္စမမြောက်သတ္တာဟအဖြစ်ပြသည်။ ကျန်လေးခုသည် ဗောဓိပင်ရင်းတွင်ပင်ဖြစ်သည်ဟုမိန့်ထား၏။
“ဧဝံ ဗောဓိသမီပေယေဝ စတ္တာရိ သတ္တာဟာနိ ဝီတိနာမေတွာ ပဉ္စမေ သတ္တာဟေ ဗောဓိရုက္ခမူလာ ယေန အဇပါလနိဂြောဓော တေနုပသင်္ကမိ၊ (ဝိ၊ဋ္ဌ၊၃၊၂၃၉။)
အချုပ်ဆိုသော် ရတနဃရဖော်ပြချက်တို့သည် အဋ္ဌကထာတို့သာ လေ့လာတွေ့ရှိနိုင်သည်ဟု သတိပြုမိပါသည်။ တွေးတောကြံဆဖွယ် တစ်ရပ်ရှိသည်ကား ထိုထိုပါဠိတော်တို့ ဖော်မပြခြင်းမှာ မနသာဒေသနာတော်ဖြစ်သောကြောင့်ပေလားဟူ၍သာ။
ထို့ကြောင့် အဋ္ဌကထာကို မယုံကြည် မလေးစားကြသူတို့က အဘိဓမ္မာသည် ဘုရားဟော မဟုတ်၊ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသ အဟောသာဟု ဝေဖန်စောဒနာကြလေသည်။
အဘိဓမ္မာကို အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမဟော
ဤစာတမ်းသည် ဤအခန်း အဘိဓမ္မာကို အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမဟော ကြောင်းကို ခိုင်လုံသောအထောက်အထားတို့ဖြင့် ဖြေရှင်းတင်ပြသွားပါမည်။
အဋ္ဌကထာဆရာပေါ်သော ခေတ်ကို သာသနနာနှစ် (၇) ရာစုဟုတင်ပြခဲ့ပြီးပြီ၊ အဋ္ဌကထာဆရာမတိုင်ခင် အဋ္ဌကထာဆရာ အလေးထားကိုးကားရသော ရှေးဟောင်းအဋ္ဌကထာများနှင့် ကျမ်းစာများစွာရှိသည်။ ထိုအထဲတွင် မိလိန္ဒပဥှပါလိတော်သည် ထိပ်တန်းကပါဝင်သည်။ မိလိန္ဒပဥှကျမ်းပေါ်သောခေတ်ကား သာသနာနှစ် (၅) ရာစုတွင်ပေါ်ခဲ့သည်။ ထိုကာလတွင် ထေရဒါသံင်္ဂါယနာသည် သီဟိုဠ်တွင် စတုတ္ထသံင်္ဂါယနာအထိ တင်ပြီးဖြစ်သည်။
ထိုမိလိန္ဒပဥှာကျမ်းတွင် အဘိဓမ္မာစကားလုံးနှင့် ပတ်သက်သော အမေးအဖြေများစွာပါရှိသည်။ ထိုအထဲမှ အဘိဓမ္မသည် ဘုရားဟော ဟုတ်မဟုတ်နှင့် ပတ်သက်၍ တွေးတောယူဆဖွယ်တစ်ခုကားးးအရူပဓမ္မ၀၀တ္တာန၀ဂ်၊ အရူပဓမ္မ၀၀တ္တာနပဥှာခန်းတွင်
မိလိန္ဒမင်းကြီးက အရှင်နာဂသေနအား “အရှင်ဘုရား မြတ်စွာဘုရားအား ပြုလုပ်ခဲ့သော ခဲယဉ်းသော အရာရှိပါသလားဘုရား အဲဒါက ဘာပါလဲလို့ လျှောက်တဲ့ အခါ။တဲ့။
ဒီတော့ အရှင်နာဂသေနက “ရှိတယ်မင်းကြီး” အဲဒါကတော့ “မြတ်စွာဘုရားသည် တစ်ခုတည်းသော အာရုံ ဖြစ်ကုန်သော၊ နာမ်ဖြစ်ကုန်သော ဤစိတ်၊ စေတသိက်တရားတို့ကို “ဤတရားသဘောကား ဖဿတည်း၊ ဤတရားသဘောကား ဝေဒနာတည်း၊ ဤတရားသဘောကား သညာတည်း၊ ဤတရားသဘောကား စိတ်တည်း” ဟု  ပိုင်းခြားဝေဖန်လျက် ဟောကြားတော်မူရခြင်းသည် ခဲယဉ်းစွာပြုအပ်သော အရာမည်၏။ ဥပမာအနေနဲ့ဆို ထိုအရာသည် “တစ်စုံတစ်ယောက်သော ယောကျာ်းသည် လှေဖြင့် မဟာသမုဒ္ဒရာသို့ သက်ဝင်၍ လက်ခုပ်ဖြင့်ရေကို ယူပြီးလျှင် လျှာဖြင့် လျက်၍ “ဤရေသည် ဂင်္ဂါမြစ်ရေတည်း၊ ဤရေသည် ယမုန်နာမြစ်ရေတည်း၊ ဤရေသည် အစိရ၀တီမြစ်ရေတည်း၊ ဤရေသည် သရဘူမြစ်ရေတည်း၊ ဤရေသည် မဟီမြစ်ရေတည်း” ဟု သိဘို့ရန် အင်မတန်ခက်ခဲသလို၊ ထိုခက်ခဲမှုထက် အဘိဓမ္မာ အာရုံတစ်ခုတည်းမှာ ဖြစ်ပေါ်နေတဲ့ စိတ်စေတသိတ်တို့ရဲ့ သဘောတရားကိုယ်စီကို သိဘို့က ပိုခက်ခဲသည်။ ထိုသို့ ခက်ခဲမှုကို ပြုရခြင်းသည် ခဲယဉ်းစွာပြုတော်မူအပ်သော အရာဖြစ်၏ ဟု မိန်းတော်မူ၏။[6]
ထိုအဘိဓမ္မာ၏ခက်ခဲပုံကို ဝေဖန်ရာ မိလိန္ဒနှင် အရှင်နာဂသိန်တို့ခေတ်တွင် အရှင်မဟာဗုဒ္ဓဃောသ မပေါ်ပေါက်သေးသည်ကြောင့်ပင် အဘိဓမ္မာကို အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမဟော။
ထို့အပြင် အဘိဓမ္မာသဘောတရား၏ ခက်ခဲနက်နဲပုံနှင့်စပ်၍ ဗုဒ္ဓဘာသိတဖြစ်ထိုက်၊ သာဝကဘာသိတမဖြစ်ထိုက်ပုံ သာဓကတစ်ရပ်ကား
           “သဘောတရားအနေနှင့် မည်မျှခက်ခဲသနည်း ဟူမူ သာမာန်ပုဂ္ဂိုလ်ကို မဆိုထားဘိ၊ အဋ္ဌကထာကျမ်းပြု (ရှင်မဟာဗုဒ္ဓဃောသ) သည်ပင် ၀ိဘင်းပါဠိတော်လာ ပိဋိစ္စသမုပ္ပါဒ် ဒေသနာ၏ အဖွင့်ကို ရေးသားဖွင့်ဆိုမည်ရှိရာ “ဆောက်တည်ရာမရ အလွန်ခက်ခဲလှပေစွတကား” ဟု ငြီးတွားတော်မူခဲ့ရသည်ပေသည်။ ဤမျှခက်နဲ နက်နဲသော အဘိဓမ္မာဒေသနာတော်ပင်။[7] ပတိဋ္ဌံ နာဓိဂစ္ဆာမိ, အဇ္ဈောဂါဠှောဝ သာဂရံ။။ [အဘိ၊ဋ္ဌ၊၂၊ ၁၂၃  ]
ထိုကိုဆက်လက်လေ့လာသည်ရှိသော်
          “ပကတိယာပိ စ ဒုက္ကရာဝ ပဋိစ္စသမုပ္ပါဒဿ အတ္ထသံဝဏ္ဏနာ (ပ) တသ္မာ ‘‘အညတြ အာဂမာဓိဂမပ္ပတ္တေဟိ န သုကရာ ပဋိစ္စသမုပ္ပါဒဿ အတ္ထဝဏ္ဏနာ’’တိ ပရိတုလယိတွာ –။
ဝတ္တုကာမော အဟံ အဇ္ဇ, ပစ္စယာကာရဝဏ္ဏနံ;။
ပတိဋ္ဌံ နာဓိဂစ္ဆာမိ, အဇ္ဈောဂါဠှောဝ သာဂရံ။။
သာသနံ  ပနိဒံ နာနာ-ဒေသနာနယမဏ္ဍိတံ;။
ပုဗ္ဗာစရိယမဂ္ဂေါ စ, အဗ္ဗောစ္ဆိန္နော ပဝတ္တတိ။။
ယသ္မာ တသ္မာ တဒုဘယံ, သန္နိဿာယတ္ထဝဏ္ဏနံ;။
အာရဘိဿာမိ ဧတဿ, တံ သုဏာထ သမာဟိတာ။။ [အဘိ၊ဋ္ဌ၊၂၊ ၁၂၃။  ]
ပဋိစ္စသမုပ္ပါဒ်ကို ဖွင့်ဆိုဘို့ဆိုတာ အင်မတန်မှ ခက်ခဲတဲ့ အလုပ်၊ အာဂမာဓိကမပ္ပတ္တဖြစ်တဲ့ ပရိယတ်၊ ပဋိပတ်စွယ်စုံတတ် ရဟန္တာအရှင်သူမြတ်တို့မှလွဲ၍ ကျန်တဲ့သူတွေဆို မလွယ်ကူနိုင်၊ ထိုမျှ မလွယ်ကူ ခက်ခဲနက်နဲသော ပဋိစ္စသမုပ္ပါဒ်အဖွင့်ကို ဖွင့်ဆိုရေးသားဘို့ သူ့မှာ သမုဒ္ဒရာထဲ ရေကူးတဲ့သူဟာ ထောက်ရာတည်ရာမရနိုင်သမလို သူ့မှာလည်း ထောက်တည်ရာမရဖြစ်နေကြောင်း၊ သို့သော်လည်း ပဋိစ္စသမုပ္ပါဒ်ကို ဒေသနာနည်းမျိုးစုံဖြင့် ဟောထားတာလည်းရှိ၊ ရှေးရှေးဆရာတို့ ဖွင့်ပြထားတာလည်းရှိသောကြောင့် ထိုဒေသနာနည်းမျိုးစုံ ဆရာနည်းမျိုးစုံတို့ကို အခြေပြု၍ ရေသားပြုစုမည်ဟု မိန့်တော်မူထားခြင်းဖြစ်သည်။
ထိုအဖွင့် အဆိုအမိန့်တို့ကိုကြည့်ရှု့နားလည်ခြင်းဖြင့်လည်း အဘိဓမ္မာကို အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမဟော ဟု ဤစာတမ်းက သုံးသပ်ပါသည်။ အကယ်၍ အဘိဓမ္မာကို သူကိုယ်တိုင်သာ ချဲ့ထွင်၍ ဟောခဲ့ရိုးမှန်ပါလျှင် ဤနေရာ ဤအဖွင့်တို့ ကိုယ်တိုင်ရေးသူဖြစ်သောကြောင့် အဋ္ဌကထာဆရာသည် ခက်ခဲကြောင်း ငြီးတွားစရာမလို။
အဋ္ဌကထာဆရာကိုယ်တိုင်ကပင်…
ဧဝမေဝ အဘိဓမ္မော နာမ န အညေသံ ဝိသယော, သဗ္ဗညုဗုဒ္ဓါနံယေဝ ဝိသယော။ တေသံ ဝသေန ဒေသေတဗ္ဗဒေသနာ။[8] အဘိဓမ္မာဟာ တစ်ခြားသူတို့အရာမဟုတ်၊ သဗ္ဗညုဘုရားရှင်တို့ရဲ့ အရာသာ၊ ထိုသဗ္ဗညုတဥာဏ်တော်ရှင်တို့ အစွမ်းဖြင့် ဟောတော်မူထားသော ဒေသနာ။
အဘိဓမ္မော နာမ န သာဝကဝိသယော, န သာဝကဂေါစရော; ဗုဒ္ဓဝိသယော ဧသ, ဗုဒ္ဓဂေါစရော။ အဘိဓမ္မာဆိုတာ သာဝိကတို့အရာ၊ သာဝတကတို့ကျက်စားရာမဟုတ်၊ မြတ်စွာဘုရားတို့ရဲ့ အရာ၊ မြတ်စွာဘုရားတို့သာကျက်စားရာဖြစ်သည်တဲ့။[9] ထို့ကြောင့် အဘိဓမ္မာကို အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမဟော ဟု မုချပုံသေ မှတ်ထိုက်ပေ၏။
အဋ္ဌကထာမိတ်ဆက်
ဤနေရာ အဘိဓမ္မာကို အဋ္ဌကထာအဖွင့်ဖြစ်သောကြောင် လက်မခံသူများနှင့် အဋ္ဌကထာမယုံကြည်သူများအတွက် အဋ္ဌကထာအကြောင်းကို အနည်းငယ်မျှ မိတ်ဆက်တင်ပြပါဦးမည်။ အဋ္ဌကထာသည်
·         ဗုဒ္ဓသံဝဏ္ဏိတအဋ္ဌကထာ- အနက်ကိုဖွင့်ဆိုခြင်း၊ဂုဏ်ကိုဖွင့်ဆိုခြင်း အားဖြင့် မြတ်စွာဘုရားကိုယ်တော်တိုင် ဖွင့်ဆိုအပ်သော အဋ္ဌကထာ၊
·         အနုဗုဒ္ဓသံဝဏ္ဏိတအဋ္ဌကထာ (၀ါ) သာဝကသံဝဏ္ဏိတအဋ္ဌကထာ- ဗုဒ္ဓအမည်တော်ရသော မြတ်စွာဘုရားတို့၏ သစ္စာ ၄ပါး ထိုးထွင်း၍ သိခြင်းသို့လိုက်၍ ထိုးထွင်းသိပ်သော သစ္စာ ၄ပါးရှိကုန်သော ဘုရားတပည့်သာ အရိယာသာဝကတို့ သင်္ဂါယနာတင်ခြင်းစသည်ဖြင့် အနက်ဖွင့်ဆိုခြင်းအားဖြင့်၊ ဂုဏ်ဖွင့်ဆိုခြင်းအားဖြင့် ဖွင့်ဆိုအပ်သော အဋ္ဌကထာ ဟု အကျဉ်းအားဖြင့် နှစ်မျိုးရှိ၏။

အဋ္ဌကထာတို့ ဆင်းသက်ပုံ
မြတ်စွာဘုရားလက်ထက်ကရှိသော ထိုထိုအဋ္ဌကထာတို့ကို တတိယသင်္ဂါယနာနောက်ပိုင်းတွင် အရှင်မဟာမဟိန္ဒမထေရ်က သီဟိုဠ်ကျွန်းသို့ယူဆောင်သွား၏။ ၎င်းတို့ကို ပကတိဘာသာဖြစ်သော ပါဠိဖြင့် ရှိသောကြောင့် မဂဓအဋ္ဌကထာဟုခေါ်၏။(အရှင်မဟာဗုဒ္ဓဃောသ၊ အရှင်ဗုဒ္ဓဒတ္တ၊ အရှင်ဓမ္မပါလ၊ အရှင်ဥပသေန၊အရှင်မဟာနာမ မထေရ်တို့ပြုသော ပါဠိဘာသာဖြင့်ရှိသော အဋ္ဌကထာတို့သည်လည်း မဂဓအဋ္ဌကထာဟုပင်ခေါ်၏။ အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာဖြစ်ပေါ်လာပုံကို ဆက်လက်တင်ပြပါမည်။) ၎င်းတို့ကိုပင် သီဟဠဘာသာဖြင့် ပြန်ဆိုသောအခါ သီဟဠအဋ္ဌကထာဟုခေါ်၏။
မဟာအဋ္ဌကထာ-မဟာဋ္ဌကထာဆိုတာ မူလအဋ္ဌကထာ၊ ပေါရာဏအဋ္ဌဟူသော အမည်တို့ဖြင့်လည်းရှိသည်။ ရှင်မဟာဗုဒ္ဓဃောသသည် အဋ္ဌကထာသစ်များကို ရေးသားစီရင်သောအခါ မဟာအဋ္ဌကထာကို အားကိုးအားထားပြု၍ စီရင်မြဲဖြစ်သည်။ ၎င်းမဟာအဋ္ဌကထာနှင့် ခေတ်ပြိုင်ဖြစ်သော မဟာပစ္စရီအဋ္ဌကထာ၊ကုရုန္ဒီအဋ္ဌကထာတို့သည် သီဟိုဠ်အဋ္ဌကထာများဖြစ်ကြသည်။
ထိုအဋ္ဌကထာတို့ကို အခြေံ၍ မဂဓဘာသာဖြင့် အရှင်မဟာဗုဒ္ဓဃောသသည် အဋ္ဌကာသစ်ကိုစီရင်တော်မူသည်။ (ထို့ကြောင့် ရှေ့၌မဂဓအဋ္ဌကထာအုပ်စုထဲပါဝင်ခြင်းသည်။) ထို့သို့ အရှင်မဟိန္ဒထေရ်ဆောင်ယူခဲ့သော အဋ္ဌကထာများနှင့် ရှေးကရှိနှင့်ပြီးသော  ပေါရာဏအဋ္ဌကထာတို့ကိုထောက်၍ မဂဓဘာသာဖြင့် အသစ်တစ်ဖန်စီမံသောကြောင့် အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာတို့ကို အဘိန၀အဋ္ဌကထာ (၀ါ) သင်္ဂဟအဋ္ဌကထာဟုခေါ်သည်။ (အရှင်ဓမ္မပါလ စသည်တို့၏ အဋ္ဌကထာတို့သည်လည်း အဘိန၀အဋ္ဌကထာပင်ဖြစ်သည်။)[10] ဤသို့  အဋ္ဌကထာတို့၏ ဆင်းသက်ပြောင်းလဲလာ့ပုံကိုထောက်သော် အရှင်မဟာဗုဒ္ဓဃောသ၏ အဋ္ဌကထာတို့သည်လည်း ဗုဒ္ဓလက်ထက်က အယူအဆတို့ကို ထိန်းသိမ်းကို ဖွင့်ဆိုလာကြသောကြောင့် ဗုဒ္ဓအလိုတော်ကြ ဆရာများဟုယုံကြည်ထိုက်ပါသည်။ တကယ်တော့ အဋ္ဌကထာဆိုတာ မြတ်စွာဘုရားရဲ့ အလိုအာနုဘော်ကို ဖော်ပြတဲ့ ကျမ်းပါပဲ။
ဘဂဝတော အဓိပ္ပါယံ အနုဂန္တွာ တံတံပါဌေ အတ္ထံ ဘာဝယတိ ဝိဘာဝယတိ, တဿ တဿ ဝါ အတ္ထဿ ဘာဝနာ ဝိဘာဝနာတိ အာနုဘာဝေါ ဝုစ္စတိ အဋ္ဌကထာ။ (ဝဇိရ၊၁၇။)
ထို့အပြင် ၀ိနယာလာကာင်္ရဋီကလည်း
“ဗုဒ္ဓမတညုနော ဟိ အဋ္ဌကထာစရိယာ(ဝိ၊လင်္ကာရ၊၂၊၂၂၅။)-အဋ္ဌကထာဆရာတို့ဟာ ဗုဒ္ဓအလိုကိုသိတယ်”
လို့ မိန့်မှာထားသည့်အတွက်ကြောင့် အဋ္ဌကထာအဆိုမို့ဆိုပြီး ငြင်းပယ်စရာမလိုတော့ပေ။
အဘိဓမ္မာရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်၊ အရကောက်များ
အဋ္ဌကထာတို့ အကြောင်းနှင့် အဋ္ဌကထာဆရာတို့ ယုံကြည်ထိုက်ပုံကို ရှင်းလင်းပြီးသည့်နောက်တွင် အဋ္ဌကထာနှင့် အဋ္ဌကထာနှင့်ညီစွာမိန့်တော်မူအပ်သော အဘိဓမ္မာနှင့် ပတ်သက်သော အဓိပ္ပါယ် ဖွင့်ဆိုချက်၊ အရကောက်တို့ကို ဆက်လက်၍ မိဆက်ပေးပါမည်။
အဘိဓမ္မာဆိုတာ အဘိဓမ္မာပါပဲဟု အထက်ရှင်းပြခဲ့သည်။ ထိုစကားရပ်တို့သည် ဗုဒ္ဓအဘိဓမ္မာကို ဂုဏ်ပြုသလိုလိုနှင့် ဂုဏ်ညိုးစေသည်ဟုထင်သောကြောင့် အဘိဓမ္မာကို တစ်ခြားစကားလုံးတို့ဖြင့် အရောမခံစေချင်လို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။ ယ္ခုအဘိဓမ္မာမိတ်ဆက်တွင်မူ လေးနက်ခိုင်လုံးသောအထောက်အထားများဖြင့် ညွန်းဆိုပြသွားပါမည်။
အဘိဓမ္မာဆိုတာ
အများစုကတော့ အဘိဓမ္မာဆိုတာ ပရမတ်တရားတွေကို ဟောတဲ့အတွက်ကြောင့် အဘိဓမ္မာလို့ နားလည်ကြသည်။ ထိုသို့အလွယ်နားလည်နေကြသည်ကို မဟာစည်ဆရာတော်က
“တချို့ကတော့ အဘိဓမ္မာဆိုတာ ပရမတ္ထတရားတွေကိုဟောထားလို့ အဘိဓမ္မာခေါ်တယ်တဲ့။ ဒီလိုကိန်းသေမှတ်ထားကြတယ်။ ပရမတ္ထတရားတွေကို ဟောထားတာတော့များပါတယ်။ ဒါပေမယ့်လို့ ပရမတ္ထတရားတွေချည်းတော့လည်း မဟုတ်သေးပါဘူး။ ပုဂ္ဂလပညတ်မှာ ပညတ်တရားတွေကိုချည်း ဟောကြားတော်မူထားတာလည်း ရှိနေသားပဲ၊ ပုဂ္ဂလပညဆိုတာ အဘိဓမ္မာခုနှစ်ကျမ်းထဲမှာ တစ်ကျမ်းအပါအ၀င်ဖြစ်တယ်။ အဲဒီကျမ်းမှာ ပညတ်တွေလည်း ဝေဖန်ဟောကြားထားတာ အထင်အရှားပါပဲ။ အဲဒါကြောင့်မို့လို့ ပရမတ္ထတရားတွေကို ဟောကြားတော်မူထားလို့ အဘိဓမ္မာခေါ်တယ်လို့ ဒီလို ကိန်းသေမှတ်ချက်ချမထားဖို့လည်း သတိပြုသင့်ပါတယ်။”[11]
ထို့ကြောင့် အဘိဓမ္မာသည် အဘိဓမ္မာဒေသနာ၊ တရားဟုအလွယ်တကူမှတ်ယူနိုင်သည်။ အဓိပ္ပါယ်အားဖြင့်ကား လွန်ကဲ၊ ကြီးမား၊ကျယ်ဝန်း၊ ထူးခြား၊ ဆန်းကျယ်သော တရားဟု အဓိပ္ပါယ်ရသည်။
ဝိသေသတ္ထ-ထူးခြားနက်အတွက် ထူးခြားမှတ်ဖွယ်
ထိုတွင် အဘိပုဒ်က ၀ိသေသတ္ထ ထူးခြားတဲ့ အနက်ကိုဟောတယ်ဆိုပြီး ၀စနတ္ထပြုထားတာရှိပါတယ်။ ၀ိသေသဓမ္မတို့၊ ပူဇိတဗ္ဗဓမ္မတို့ ဒီလိုဆိုပြီးထူးကဲမြင့်မြတ်တဲ့ တရား၊ ပူဇော်အပ်တဲ့ တရားတွေ ပါတာပါပဲ။ ဗောဓိပက္ခိယတရားတွေဆိုတာ သုတ္တန်မှာလည်း ပါတာပဲ။ အဘိဓမ္မာမှာလည်း ပါတာနေတာပဲ။ အဘိဓမ္မာမှာ အကုသလာ-အကုသိုလ်ဆိုတဲ့ တရားတွေကတော့ မြင့်မြတ်တဲ့ တရားတွေ မဟုတ်ကြပါဘူး။ အဲဒီလိုတရားတွေ ဒီမှာအစုံပါနေကြတာပဲ။ အဋ္ဌကထာမှာတော့ ဒီလိုထူးခြားတဲ့ အနက်မြင့်မြတ်တဲ့အနက်ရနိုင်လို့ ဒီအနက်ကိုယူပြီးတော့ ၀စနတ္ထပြုထားပါတယ်။ အဲ  အမြင့်အမြတ်ချည်းတော့လည်း မဟုတ်ဘူးဆိုတာ မှတ်ထားကြရမယ်။[12]
အဘိဓမ္မော၌ အဘိသဒ္ဒါသည် အတိရေက၊ ၀ိသေသအနက်ကို ဟောသောကြောင့် (ဓမ္မာတိရေကဓမ္မဝိသေသဋ္ဌေန[13]) သုတ္တန်ပါဠိထက်ရှည်လျားသည်ကို “ဓမ္မာတိရေက” ဟုဆို၏၊ (၀ိနည်းထက် သာလွန်ထူးခြားမှု မရှိပုံကို ဓမ္မသင်္ဂဏီပါဠိတော် မြန်မာပြန် နိဒါန်း စာမျက်နှာ-ခူ တွင်ရှု) သုတ္တန္တဘာဇနီယနည်း၊ အဘိဓမ္မဘာဇနီယနည်း၊ ပဥှပုစ္ဆကနည်းအားဖြင့် ထူးဆန်းသည်ကို ဓမ္မ၀ိသေသဟုဆို၏။ထိုသို့ ရှည်လျားသည်၏ အဖြစ်ဟူသောဂုဏ်၊ ထူးဆန်းသည်၏အဖြစ် ဟူသောဂုဏ်ကို အကြောင်း ပ၀တ္တိနိမိတ်ပြု၍ ဤပါဠိတော်ကို “အဘိဓမ္မာ” ဟုခေါ်ရပါသည်။[14] ဒါကို အလွယ်မှတ်လိုလျှင် “အဘိဓမ္မာဆိုတာ ရိုးရိုးဓမ္မထက် ထူးကဲကျယ်ပြန့်တဲ့ တရားတွေကို အဘိဓမ္မာတရားလို့ခေါ်သည်”။[15]
သုတ္တန်ထက်သာလွန်ပုံကို အဘိ၊ဋ္ဌ၊၁. စာမျက်နှာ ၃ တွင် ဝေဖန်ပြထားသည်။
အဘိဓမ္မာအဓိပ္ပါယ်နှင့်စပ် အချုပ်မှတ်ဖွယ်ကား “သဘာဝဓမ္မတွေကို နည်းအမျိုးမျိုးနဲ့ အဘိဓမ္မာ ဒေသနာနည်းအတိုင်း ဟောကြားမှ အဘိဓမ္မာဆိုရတယ်။တစ်ချို့က ရုပ်တွေ၊နာမ်တွေ ဟောကြားတိုင်း အဘိဓမ္မာလို့မှတ်နေကြတာ။ အဲဒီလိုမဟုတ်ပါဘူး။ သုတ်မှာလည်း သဘာဝဓမ္မတွေရှိတာပဲ။ အဘိဓမ္မာဒေသနာတော်တွင် ဟောနည်းဒေသနာအစဉ်အားဖြင့် သဘာဝဓမ္မတွေကို ဟောကြားထားကာမှ အဘိဓမ္မာဒေသနာတော်လို့ ဆိုရပါတယ်။[16]
အဘိဓမ္မာအရကောက်များ
အဘိဓမ္မာအရ အများစုသိကြသော အဘိဓမ္မာခုနှစ်ကျမ်းအပြင်
‘ဆယ်ဝါပြည့်တင်း ၀ိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊ ခန္ဓကပုဒ်၊ နာမ်ရုပ်ပိုင်ပိုင် ဟောပြနိုင်၊ ကျောင်းထိုင်ငါးအင်္ဂါ’ဟူသော ကျောင်းထိုင် ဥပစ္ဇျာယ် နိဿယည်းဆရာတို့ ပြည့်စုံအပ်သော နာမ်နှင့်ရုပ်ကို သိနားလည်အောင် ဆုံးမနိုင်ခြင်းဟူသော နာမရူပရိစ္ဆေဒာဥာဏ်ဟူသော အဘိဓမ္မာ[17]၊ ကျင့်ကြံပွားများထိုက်သော ဗောဓိပက္ခိယတရား ၃၇ ပါး၊[18] မဂ်ဖိုလ်နိဗ္ဗာန်[19] အထိပင် ရပါသည်။
ထို့ကြောင့် အဘိဓမ္မံ ပဋိဗာဟေန္တော ဣမသ္မိံ ဇိနစက္ကေ ပဟာရံ ဒေတိ, သဗ္ဗညုတညာဏံ ပဋိဗာဟတိ, သတ္ထု ဝေသာရဇ္ဇညာဏံ ပဋိနိဝတ္တေတိ, သောတုကာမံ ပရိသံ ဝိသံဝါဒေတိ, အရိယမဂ္ဂေ အာဝရဏံ ဗန္ဓတိ-အဘိဓမ္မာကို တားမြစ်သူသည် မြတ်စွာဘုရားသာသနာကို ထိပါးပုတ်ခတ်ရာရောက်၏၊ သဗ္ဗညုတဥာဏ်တော်ကို တားမြစ်ရာရောက်၏၊ မြတ်ဘုရား၏ ဝေသာရဇ္ဇဥာဏ်တော်ကို ဆုတ်နစ်စေ၏၊ ကြားနာလိုသူ ပရိတ်သတ်ကို အမှားမှားအယွင်းယွင်း ပြောဆိုစေ၏၊ အရိယာလမ်းဖြစ်ဘို့လမ်းဝယ် စည်းရိုးတားလိုက်သည်နှင့် တူ၏”[20] ဟူသော အဋ္ဌကထာ၏ သတိပေးစကားကို အလေးထားလျှက်-အဘိဓမ္မာကို မထိပါး မပုတ်ခတ် မစော်ကားကြပဲ လေ့စားလိုက်နာ ကျင့်ကြံပွားများကာ နိဗ္ဗာန်အထိရောက်နိုင်ကြပါစေဟု ဆန္ဒပြုရင်း ဤစာတမ်းကို ဤတွင်ပဲ အဆုံးသတ်လိုက်ပါတော့သည်။
ဤတွင်ရွှေ့ကား အဆင့်မြင့်မာစတာတန်းရောက် သီတဂူကျောင်းတော်သားတို့အတွက် အဆင့်မြင့်အဘိဓမ္မာမိတ်ဆက်မျှဖြစ်ပါတော့သည်။
(ထေရ၀ါဒ၊ သဗ္ဗတ္ထိက၀ါဒ၊ မဟာယာနအဘိဓမ္မာကျမ်းတို့၏ မိတ်က်ဆက်ကိုနောက် အဆင်သင့်မှ ဆက်လက်ရေးသားပြုစုပါဦးမည်။)

ဒေါက်တာအရှင်ဥာဏ၀ရ (သဗ္ဗမင်္ဂလာ)
အဘိဓမ္မာဘာသာရပ် (M.A 3rd Semester 2017-18) ကထိက၊
ကထိကဆောင် အခန်း (၂)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ စစ်ကိုင်းတောင်ရိုး
၁၄၊၀၆၊၂၀၁၈ နေ့လည် ၃း၃၁ မိနစ်



[1] သီတဂူပညာရေးသည်၊ အခြေခံအားဖြင့်၊ ဒီပလိုမာ၊ ဘီအေ၊ အမ်အေ၊ ဒေါက်တာတန်းအထိရှိသည်။ ထိုတွင် ဒီပလိုမာတန်းမှာပင်၊ အခြေခံ-Elemantary၊ အလတ်တန်း-Intermediate၊ အဆင့်မြင့်-Advanceဟူ၍ သုံးမျိုးခွဲကာ သီတဂူပညာရေး အစဦးပိုင်းကာလာတွေမှာ သင်ကြားခဲ့သည်။ ထိုနည်းထိုပုံပင် အဆင့်မြင့် ဘွဲ့ဒီဂရီများဖြစ်သော M.A, Ph.D တို့ကို ထောက်ဆ သော်၊ ဒီပလိုမာသည် အခြေခံအဆင့်၊ ဘီအေသည် အလတ်တန်းအဆင့်၊ M.A, Ph.D တို့သည် အဆင့်မြင့် အဆင့်ဖြစ်သည်။
[2] ထိုတွင်၊ မဟာယာနအဘိဓမ္မာများ၊ မြန်မာနိုင်ငံ၏ အဘိဓမ္မာတိုးတက်၊ လာပုံအဆင့်ဆင့်နှင့်၊ ကျမ်းဂန်အသီးသီးတို့အကြောင်း၊ အဘိဓမ္မာနှင့် စိတ်ကုထုံးများ၊ လက်တွေ့အသုံးချ အဘိဓမ္မာ စသည်ဖြင့်ပါသလို၊ ကထာဝတ်ထူ၊ ပုဂလပညတ်စ သောကျမ်းဂန်များကိုလေ့လာခြင်းတို့ပါဝင်သည်။ကျမ်းဂန်အသီးသီးတို့အကြောင်း၊ အဘိဓမ္မာနှင့် စိတ်ကုထုံးများ၊ လက်တွေ့အသုံးချ အဘိဓမ္မာ စသည်ဖြင့်ပါသလို၊ ကထာဝတ်ထူ၊ ပုဂလပညတ်စ သောကျမ်းဂန်များကိုလေ့လာခြင်းတို့ပါဝင်သည်။
[3] တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၊ မဟာဗုဒ္ဓ၀င် ဒုတိယတွဲ၊ ဗုဒ္ဓရတနာခန်း၊ နှာ ၃၆၄၊
ထို့ပြင် စာမျက်နှာပင် ဇိနာလကာင်္ရဋီကာ အလိုကိုထုတ်ပြ၍ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာကို ဆင်ခြင်သည်ဟု ပြဆိုထား၏။ ထိုစဉ်အခါက ၀ိနည်းပိဋက မပညတ် မဖြစ်ပေါ်သေး၍ ထိုဋီကာအလိုအဖွင့်သည် စဉ်းစားဖွယ်ဖြစ်သည်ဟု လေ့လာသူတစ်ဦးအနေဖြင့် သုံးသပ်မိပါသည်။
[4] အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)၊ အဘိဓမ္မာ မြတ်ဒေသနာ၊ ပထမတွဲ၊ နှာ-၁၉
[5] ထိုပုဒ်တို့၏အယူအဆကို ၀ိနည်းမဟာဝါ ဘာသာဋီကာ (ပ) ၂၅ တွင်ကြည့်ပါ။
[6] မူရင်းကို မိလိန္ဒပဥှပါလိတော် နှာ ၉၄ အရူပဓမ္မ၀တ္တာနဒုက္ကရပဥှနှင့် မြန်မာပြန်ကို ရှု။
See also..Nyanaponika Thera’s Abhidhamma Studies Buddhist Explorations of Consciousness and Time P.7-8 and Milindapana’s Translations Books.
[7] (ဘဒ္ဒန္တရာဇာဓမ္မာဘိဝံသ၊ ဘဒ္ဒန္တသူရိယာဘိဝံသ၏ ထေရုပ္ပတ္တိအကျဉ်းနှင့်  သြ၀ါဒကထာများ-၇၆)
[8] (အဘိ၊ဋ္ဌ၊၁၊၃၁)
[9]   (အဘိ၊ဋ္ဌ၊၁၊၄၃၇။)
[10] အဋ္ဌကထာမိတ်ဆက်ပါ အကြောင်းအရာများသည် တိပိဋကပါဠိအဘိဓာန်လာ အဋ္ဌကထာနှင့် မဟာအဋ္ဌကထာလာ ရှင်းပြချက်တို့ကို အခြေခံ၍တင်ပြထားပါသည်။
[11] မဟာစည်ဆရာတော်ဘုရားကြီး၊ အဘိဓမ္မာတရားတော်ကြီး၊ ၂၀၁၅-နှာ-၄၅-၄၆
[12] မဟာစည်၊အဘိဓမ္မာ-၄၆-၄၇
[13] အဘိ၊ဋ္ဌ၊၃
[14] အဋ္ဌသာလိနီအဋ္ဌကထာ ဘာသာဋီကာ (ပ)၊ နှာ-၃၀
[15] မဟာစည်ဆရာတော်၏ စာအုပ်၊ ၄၆
[16] မဟာစည်..၄၇
[17] တိပိဋကအဘိဓာန်၊ အဘိဓမ္မာပုဒ်အဖွင့်၊နှာ.၁၁၁၊ ၀ိ၊ဋ္ဌ၊၃၊၂၇၁၊ ဘာသာဋီကာ-နှာ-၁၄၀-၁၄၁
[18] မ၊ဋ္ဌ၊၄၊၁၈
[19] ဒီ၊ဋီ၊၃၊ ၂၆၆
[20] အဘိ၊ဋ္ဌ၊၁၊၃၀